ကျွန်းလှ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်း ကျောင်း (သစ်ရာမြိုင်) ၌ ကျင်းပအကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းတွင် မမေသဇင်ဦး Grade-11 က လူငယ်နှင့် မူးယစ်ဆေး၊ မောင်သျှိုင်းဝဏ္ဏဦး Grade-11 က လူငယ်နှင့် အားကစား၊ မပန်းအိဝေ Grade-9 က လူငယ်နှင့် ပညာရေး၊ မောင်ပြည့်စုံကျော် Grade-10 က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မသဒ္ဓါဖြူ Grade-10 က လူငယ်နှင့် အနာဂတ်ရည်မှန်းချက် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြရာ တက်ရောက် လာကြည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ကြပြီး စာအုပ်စာစောင် များ၊ နံကပ်စာစောင်နှင့် ဓါတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ