ငဖဲ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုအနေဖြင့် ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ငရန့်ချောင်းကျေးရွာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးက မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုအခြေအနေများ၊ ကျွဲ၊ နွားများတွင် ကျရောက်တတ်သည့် ပေါင်ပုပ်လက်ပုပ်ရောဂါ သိကောင်းစရာများ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ ဆိုသည်မှာ ကျွဲ၊ နွားများ၏ ပေါင်ရင်း၊ လက်ရင်းများ၌ ရောင်ပြီးပုပ်လာသည့် ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်း၊ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ကုသရေးလုပ်ငန်းများ၊ ရောဂါမဖြစ်ပွားစေရေး ဆောင်ရန်ရှောင်ရန်အချက်များကို ဒေသခံတောင်သူများအား အသိပညာပေး ဆွေးနွေးပြောကြားသည်။
ဟောပြောပွဲအပြီးတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ပိုးမွှားရောဂါကာကွယ်ရေးအတွက် နွားခြံများအားပိုးသတ်ဆေးဖြန်းရန် ခြံဖြန်းဆေးများကို တောင်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)