အမာမြို့၌ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်လုပ်ရန်အတွက် စိုက်ပျိုးပွဲ ကျင်းပ

အမာ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်လုပ်ရန်အတွက် စိုက်ပျိုးပွဲကို ယနေ့နံနက် ()နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးပွဲကို အမာမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးတင်မောင်ဝေ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဘဝသစ်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးအေးဟန်၊ ကျေးရွာရှိ တာဝန်ရှိသူများနှင့် ပြည်သူများစုပေါင်း၍ အကျယ် (၁၀) ပေ၊ အလျား (၂၀၀)ပေရှိသော ကျေးရွာပိုင် ကန်ပေါင်ပေါ်တွင် စိုက်ပျိုးခဲ့ကြကြောင်းနှင့် အလားတူ တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ ဆိပ်မကျေးရွာအုပ်စု၊ ဘိုးဘကုန်းကျေးရွာအုပ်စုတို့တွင်လည်း စိုက်ပျိုးပြီးစီးခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

လယ်ယာမြေများတွင် ပိုက်ဆံ‌လျှော် (သစ်စိမ်းမြေသြဇာ) စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များမှာ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ကြောင်း၊ အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း၊ ပိုက်ဆံလျှော် စိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅) တန်မှ (၇) တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၂)အိတ်နှင့်ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း အမာမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အမာ (ပြန်/ဆက်)