မြန်အောင် စက်တင်ဘာ ၁၂
ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများ ရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေပြီး စကားဝိုင်းဆွေးနွေးပွဲများမှ အသိပညာ ဗဟုသုတများနှင့် အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီး၍ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်က အ.ထ.က ထန်းသုံးပင် နဝရတ်ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း ဦးဆောင်၍ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့် Grade-7 မှ မယွန်းဝေလှိုင် ၊ Grade- 8 မှ မခြူးသိင်္ဂီဇော် ၊ Grade-10 မှ မောင်ထိုက်လင်းဦး၊ Grade-11 မှ မနှင်းဝတ်ရည်တို့က ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြပြီး အခမ်းအနားတွင် အ.ထ.က ထန်းသုံးပင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းချိုဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ် စာစောင်ဓာတ်ပုံပြခန်းအား ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း ၆၀၃ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)