သဲကုန်း စင်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီက သဲကုန်းမြို့အခြေခံပညာအထက်တန်းကျောင်း သာဓုခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် သဲကုန်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး (စီမံဘဏ္ဍာ) ဦးသိန်းထွဍ်က အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး (ပညာ) ဦးကျော်သူဝင်းက Grade-9 ပြီးမြောက် အောင်မြင်သောကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပေးပြောကြားရာ၌ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက် အောင်မြင်ပြီးပါက ပညာဆက်လက်သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်စေရန် (၁) အခြေခံပညာအထက်တန်းဆင့်၊ (၂) စက်မှုနည်းပညာ၊ (၃) စိုက်ပျိုးရေးအတတ်ပညာ၊ (၄) မွေးမြူရေး အတတ်ပညာစသည့် ပညာရေးလမ်းသွယ် (၄) မျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းများအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အ.ထ.က သဲကုန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးကျော်မြင့်အောင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်း ဖွင့်လှစ်ခွင့်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များ၊ မိဘများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)