ပေါင်းတည် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၉ နှစ်မှ ၁၂ နှစ်အရွယ် မိန်းခလေးငယ်များ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးကိုယ်စား မြို့နယ်အခြေခံပညာဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်မြင့်မြင့်စိုးက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ စာသင်ကျောင်းများတွင်ထိုးနှံရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုများအားလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က ကာကွယ်ဆေးထိုးနှံရခြင်း၏ရည်ရွယ်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျန်းမာရေးမှူးများက ကာကွယ်ဆေးအောင်မြင်စွာ ထိုးနှံနိုင်ရေး အတွက် ကျန်းမာရေးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်း ၉ ရပ်နှင့်ပတ်သက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ပညာရေးဌာနမှ ဆရာ၊ ဆရာမ များနှင့် အပြန်အလှန် ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၉ ရက်အထိ ကျောင်းအခြေပြု၍လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်မှ ၂၇ ရက်အထိ ပြည်သူလူထုအခြေပြု၍လည်းကောင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)