အိမ်မဲ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစိးဌာနမှ မြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သောကျောင်းသူများအားသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကျော်ညွှန့်က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး များထိုးနှံနိုင်ရေးအတွက် အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သောကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကာကွယ်ဆေးများထိုးနှံခြင်း နှင့် ပတ်သက်၍သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင်ကပြန်လည်ဖြေကြားပေးခဲ့သည်။
အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၀၀) မှအသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ (၄၉၁၉)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ယခုလ (၁၈) ရက် နေ့မှ (၂၉)ရက်နေ့အထိ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)