ပေါက်ခေါင်း စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်အထိ မိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ အောင်မျိုးမြတ်က သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံရခြင်းရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေ၊ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးမထိုးသင့်သော အခြေအနေများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ (အိတ်ခ်ျပီဗီ) ကာကွယ်ဆေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို (၁-၉-၂၀၁၁) မှစ၍ (၃၁-၈-၂၀၁၄) အတွင်း မွေးဖွားသော ကျောင်းနေအရွယ်မိန်းကလေးများကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့ထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေုပြု ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးရှင်းလင်းပွဲသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ ဆရာကြီး၊ ဆရာမကြီးများနှင့် လူမှုရေးအသင်းဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)