ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဂန့်ဂေါ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများရရှိ၍ ဉာဏ်ပညာမြင့်မားသည့် လူကောင်းလူတော်များ ပေါ်ထွန်းစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကိုသိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)ကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မာဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က ကျောင်းသား/သူများအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)ကို သိရှိနားလည်စေရန်နှင့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ ကလေးသူငယ်အခွင့်အရေးကို ကိုယ်တိုင်သိရှိနားလည်ရေး၊ ကလေးသူငယ်၏ အခွင့်အရေး (၄)ချက်ဖြစ်သည့် ကလေးသူငယ်တိုင်းသည် အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိစေရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြစ်မှု/ ပြစ်ဒဏ်များစသည့် အချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း၍ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား စာအုပ်နှင့်ဘောပင်များ ပေးဝေခဲ့ကြသည်။     

အဆိုပါ အခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်နှင့် ဝန်ထမ်းများ၊ အ.ထ.က(မြို့မ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဦးနှင့် ဆရာ/ဆရာမများ၊  ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)