ဇီးကုန်းမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်း

ဇီးကုန်း စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ အသက် (၉) နှစ်မှ (၁၂) နှစ်အထိ မိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်နိုင်ဦးက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးမှူးအဆင့် (၁) ဆရာဦးသိန်းလှိုင်က သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးမှူးအဆင့် (၁) တို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို (၁-၉-၂၀၁၁) မှစ၍ (၃၁-၈-၂၀၁၄) အတွင်း မွေးဖွားသည့် အသက် (၉) နှစ်မှ အသက် (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် မိန်းကလေးများကို (၁၈-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလတွင်လည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ‌မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)