သရက်မြို့၌ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးအစီအစဉ် ဆောင်ရွက်

သရက် စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးအစီအစဉ် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးကာကွယ်စောင့်ရောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရပ်များကို အဓိက တာဝန်ယူဆောင်ရွက်နေကြောင်း၊ သရက်မြို့နယ်အတွင်းမှာရှိတဲ့သော အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အမျိုးသမီးအကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆောင်ရွက်ချက် အခန်းကဏ္ဍများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုဆိုင်ရာဖြစ်စဉ်များ ပေါ်ပေါက်လာပါက ကော်မတီဝင်ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့များကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းကြောင့် အမျိုးသမီးများ၏ အခွင့်အရေးများ၊ အမျိုးသမီးလုပ်ငန်းဆောင်ရွက်ချက် အခန်းကဏ္ဍများအား သိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာရန် မျှော်လင့်မိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသူများအား ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)