ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပစ္စည်းများ‌ထောက်ပံ့

ဟင်္သာတ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ်‌ ကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတော ကျေးရွာရှိ မြစ်ကမ်းပြိုကျနေမှု အ‌ခြေအနေများကို စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနနှင့် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ တာကျိုးပေါက်မှုကြောင့် မြစ်ရေဝင်ရောက်နေမှု အခြေအနေများ၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်၍ ဖောင်ဆိပ်ကျေးရွာရှိ ဖောင်ဆိပ်ဘုန်းတော်ကြီးကျောင်းတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့မှ ထောက်ပံ့ပစ္စည်းများအား ဒေသခံရေဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီး အုန်းတောကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၂၂၄) စုတို့အတွက် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးအထောက်အကူပြုပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥ၊‌‌ သောက်ရေသန့်များကို ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)