ဘိုကလေး စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယနေ့ နံနက်(၉)နာရီအချိန်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဟောပြောပွဲသို့ ဖျာပုံခရိုင်၊ အမှတ်(၈၀)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး ဟောပြောပွဲတွင် ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုသည်မှာ ပြည်သူများအားလုံး အသက်အိုးအိမ်စည်းစိမ် တည်မြဲစေရေး သိရှိလိုက်နာရန် အရေးပါသည့် ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် ယခုဟောပြောပွဲ စီစဉ်ကျင်းပရခြင်းဖြစ်ကြောင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင်၊ အမှတ်(၈၀)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် စိုးမိုးသူက ယာဉ်အသီးသီး မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ သတိပေးချက်များ၊ တားမြစ်ချက်များ၊ ယာဉ်အန္တရာယ် အဓိကဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်အန္တရာယ် မဖြစ်စေရေး အတွက် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ရှောင်ရှားရမည့် ကိစ္စရပ်များ၊ လမ်းအချက်ပြ သင်္ကေတများ၏ အဓိပ္ပာယ်များအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၈၀)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ယာဉ်မောင်းများအတွက် လက်အချက်ပြ သင်္ကေတများ အား သရုပ်ပြဆောင်ရွက်ခဲ့၍ တက်ရောက်လာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)