ရေဖြူ စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP)ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေဖြူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ရေဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်အဆင့် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(Standard Operating Procedure-SOP) ရေးဆွဲပြုစုရေး မြို့နယ် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးရဲဝင်းက ရေဖြူမြို့နယ် လုပ်ငန်းကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ရေဖြူမြို့နယ် လုပ်ငန်းကော်မတီတွင် ပါဝင်သောဌာနဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဝင်းတို့က ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခတ္တာ(ရေဖြူ)