ဖြူး စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနိုင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ယမန်နေ့၊ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစောမင်းသူက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးနိုင်ရေး စာရင်းကောက်ယူနိုင်ရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအာကာက ကာကွယ်ဆေးထိုးနှံပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးဇော်မင်းက ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးစာရင်းယူသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် (၁-၉-၂၀၁၁) ရက်နေ့မှ (၃၁-၈-၂၀၁၄) ရက်နေ့အတွင်း မွေးဖွားသော အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) (တစ်ကြိမ်) ထိုးနှံခြင်းအား စက်တင်ဘာလ (၁၈) ရက်နေ့မှစ၍ စက်တင်ဘာလ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ အောက်တိုဘာလ (၂၇) ရက်နေ့အထိ ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါမှာ အသက် (၁၅) နှစ်မှ (၄၅) နှစ်အတွင်း အဖြစ်များပြီး (HPV) ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားတာဖြစ်၍ အသက် (၉) အရွယ်တွင် ကာကွယ်ဆေးထိုးထားမှုမှာ အကောင်းဆုံးဖြစ်ကြောင်း အဆိုပါညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)