ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့်  မြန်မာနိုင်ငံသား ၂၄၂ ဦး  မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်

မြဝတီ စက်တင်ဘာ  ၁၂

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊သြဂုတ်လ ၁ ရက်နေ့ မှစတင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ၂၄၂ ဦး ဆက်လက် ဝင်ရောက်ခဲ့သည်။

အဆိုပါ  ထိုင်းနိုင်ငံမှ  ပြန်လည်ဝင်ရောက်လာသည့်   မြန်မာနိုင်ငံသားများအား   တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ  ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။

ထိုသို့ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး  အခြားတိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ နေရပ်ပြန်များအား  မြဝတီမြို့ရှိ  ရွှေမြဝတီအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိ/မရှိစစ်ဆေးပြီးမှ  သက်ဆိုင်ရာမြို့နယ်များသို့  ပို့ဆောင်ပေးသည်။ ယင်းသို့ ပြန်လည် ဝင်ရောက်လာသူများ အနေဖြင့်တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၇၇ဦး၊ အမျိုးသမီး၆၅ ဦး စုစုပေါင်း ၂၄၂  ဦးရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)