ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာ

ပွင့်ဖြူ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ ခြောက်ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းလျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။  

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုရှိခဲ့ပြီး တမံရေပိုလွှဲမှ ၆ ဒသမ ၈  ပေခန့်အထိ ရေကျော်ကျမှုရှိခဲ့သဖြင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ အစိမ်းရောင်အလံများ စိုက်ထူ၍ တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ရေကင်းတာဝန်ကျ ဝန်ထမ်းများကလည်း တမံကြံ့ခိုင်မှု အခြေအနေအား အလှည့်ကျစောင့်ကြည့် စစ်ဆေးခြင်းနှင့် တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် ရေပိုလွှဲမှ ရေကျော်နေမှုများကို အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် ကြီးအုံကြီးဝတမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာပြီး ယနေ့ နံနက် ၆  နာရီအချိန် တိုင်းထွာရာ၌ တမံရေပိုလွှဲမှ ၄ ဒသမ ၉ ပေခန့်သာ ရေကျော်ကျမှုရှိတော့ကြောင်း သိရသည်။  

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ယခုအခါ တမံအတွင်း မိုးရေဝင်ရောက်မှု တိုးလာသည့်အတွက် ပြည်သူများ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် ရေအားလျှပ်စစ်စက်ရုံမှ ၂၄ နာရီ စက်လည်ပတ်ထားရှိပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်သို့ ပို့လွှတ်ကာ ပြည်သူလူထုအတွက် လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် တမံအတွင်း မိုးရေစုဆောင်းထားနိုင်ခဲ့ကာ ဒေသတွင်းရှိ တောင်သူများအတွက် (နွေ၊ မိုး၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း မဲဇလီရေလွှဲဆည်သို့ ရေများပို့လွှတ်ကာ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိအောင် ဖြန့်ဝေဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )