ကန့်ဘလူ၌ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး

ကန့်ဘလူ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကန့်ဘလူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ကန့်ဘလူမြို့၌ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၁၂ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စားသုံးဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီ ၅၀ ကျပ်သားကို ၂၅၀၀ ကျပ်ဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ကြီးကြပ်မှုဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်သည်။ ကန့်ဘလူမြို့တွင် စားသုံးဆီ ၁ ပိဿာလျှင် ပြင်ပပေါက်စျေးမှာ ကျပ် ၁၁၀၀၀/၁၂၀၀၀ ဖြစ်ပြီး ယခုရောင်းချပေးရာတွင် ၁ ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြစ်၍ ပြင်ပထက် ထက်ဝက်သက်သာသည့်အတွက် လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း အမှတ်( ၂)ရပ် ကွက်နေ ပြည်သူတစ်ဦးကပြောသည်။ ယင်းနေ့က လူတစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့် လူဦးရေ ၁၂၀၀ အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသူ ဝေဒနါရှင်များအား ကျန်းမာရေးဝန်ထမ်းများက အခမဲ့ကျန်းမာရေး စမ်းသပ်စစ်ဆေးကုသပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)