ကြံခင်း စက်တက်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ နှုတ်မှုစွမ်းရည် ထက်မြက် စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြင့်မားစေရန်၊ ဗဟုသုတ စုံလင်စွာရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် သမ္ဘရာအင်း (အ.မ.က) ကျောင်းမှ (G-2) နှင့် (G-3) ကျောင်းသား/ ကျောင်းသူ (၂၀)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသော ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးထက်မြက်စေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)