ပန်းတောင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

ပန်းတောင်း စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အ​သက် (၉) နှစ်မှ (၁၂) နှစ်အထိမိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ဒုတိယပညာရေးမှူး ဆရာကြီးဦးမြင့်ဆွေမှ အခြေခံပညာရေးကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရန်အတွက် ထိုးနှံမည်ကျောင်းသား/ သူများ မွေးသက္ကရာဇ်မှန်ကန်စေရေး၊ နာမည်များပြည်စုံမှန်ကန်စေရေး၊ စာရင်းဇယားများ အမြန်ဆုံးပေးပို့ဆောင်ရွက်နိုင်ရန် တက်ရောက်လာသော ကျောင်းအုပ် ဆရာ/ ဆရာမကြီးများအား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးက သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်၍ သိထားသင့်သည့် ဆိုးကျိုးများနှင့် အချိန်မီကာကွယ်တားဆီးနိုင်ရန် ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ကြရန်၊ မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်က အသက် (၉) နှစ်မှ (၁၀) နှစ်အထိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း ကိုဗစ်-၁၉ရောဂါကြောင့် ရပ်နားထားခဲ့ရသည့်အတွက် ယခုအခါအသက် (၉) နှစ်မှ (၁၂) နှစ်အထိ မိန်းကလေးငယ်များအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့အခဲအခက်များကို ပြန်လည်တင်ပြကာ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)