လွိုင်ကော် စက်တင်ဘာ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် လွိုင်ကော်မြို့၊ မိုင်းလုံးရေစက်ရုံသို့ သွားရောက်၍ အဆင့်မြင့်တိုးချဲ့ ဆောင်ရွက်နေသော တစ်နေ့လျှင် ရေဂါလံ (၂၅) သိန်းစစ်နိုင်သည့် (Slow Sand Fitter) အနှေးသဲရေစစ်ကန်တည်ဆောက်နေမှု အခြေအနေများကို ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အနှေးသဲရေစစ်ကန် တည်ဆောက်ရခြင်းနှင့် လုပ်ငန်းများပြီးစီးပါက ပြည်သူများအကျိုးပြုနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆင့်မြင့်တိုးချဲ့ ဆောင်ရွက်နေသည့် အနှေးသဲရေစစ်ကန် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုကြရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် ပန်းနံ့သာလမ်း ကျောက်စီရေမြောင်း တည်ဆောက်ခြင်းနှင့် မိုင်းလုံးရွာဟောင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၁၂) ဖွဲ့အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပြည်နယ်အတွင်း တိုင်းရင်းသားပွဲတော်များ ကာလအလိုက်ကျင်းသွားမည့် အစီအစဉ်များ၊ ရပ်ရွာအတွင်း လမ်းတံတားလိုအပ်ချက်များနှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)