နတ်မောက် စက်တင်ဘာ ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စည်သာကျေးရွာအုပ်စု၊ စည်သာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား ယနေ့နံနက် ၈:၀၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများသည် စည်သာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် ငွေစာရင်း ဖြည့်သွင်းထားရှိမှု ရှိ၊ မရှိ စာရင်းဇယားထိန်းသိမ်းမှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စည်သာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူဦးရေ ၁၉၈ ဦးကို ငွေကျပ် ၃၇.၇ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူဦးရေ ၄၇ ဦးကို ငွေကျပ် ၈.၄ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူဦးရေ ၈ ဦး ကို ငွေကျပ် ၁.၆ သန်း စုစုပေါင်းအသင်းသား/ အသင်းသူ ၂၅၃ ဦးကို ငွေကျပ် ၄၇.၇ သန်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်။
မူမူစန်း