တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဥ်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) Vaccine ထိုးနှံပေးမည့် အစီအစဥ်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးကျော်ဝင်းနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးအောင်တို့က အမှာစကားပြောကြားသည်။ ထို့နောက် တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဌေးမင်းက အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ လိင်ဆက်ဆံခြင်းနှင့် အရေပြားချင်းထိတွေ့ခြင်းမှ တစ်ဆင့် ကူးစက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့်ကုသခြင်းများ၊ ရောဂါနှင့်ပတ်သက်သည့် အရေးကြီးသည့် သတင်းအချက်အလက်များနှင့် အိတ်ချ်ပီဗီကာကွယ်ဆေးအကြောင်း စသည်တို့ကို ဆွေးနွေးရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ၊  မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ) ကာကွယ်ဆေးအား တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်ထက် မကျော်သော (၁-၉-၂၀၁၁) ရက်နေ့မှ (၃၁-၈-၂၀၁၄) နှစ်အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)