ကန်ကြီးထောင့် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံလျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ ထုတ်ရန်အတွက် ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂နာရီအချိန်ခန့်က ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာ၊ စိုက်ပျိုးရေးနည်းပညာပေး Centre ရှေ့ (၁) ဧကရှိ မြေလွတ်မြကွက်တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းကိုကို၊ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ တက်ရောက်ကြကာ ပိုက်ဆံလျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များအား (၁)ဧကနှစ်ပြည်နှုန်းဖြင့် ကြဲပက်ခဲ့ကြသည်။
လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ၊အချိန်တိုကာလ အတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့်သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေ သြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၂) အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)