ဟင်္သာတ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ်ကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာရှိ မြစ်ကမ်းပြိုကျနေမှု အခြေအနေများကို စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ တာကျိုးပေါက်မှုကြောင့် မြစ်ရေဝင်ရောက်နေမှုအခြေအနေများ၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဖောင်ဆိပ်ကျေးရွာရှိ ဖောင်ဆိပ်ဘုန်းတော်ကြီးကျောင်းတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့မှ ထောက်ပံ့ပစ္စည်းများအား ဒေသခံရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ၊ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အုန်းတောကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ တာငုတ်ကျေးရွာ နှင့် ငှက်ပျောတောကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၂၂၄) စုတို့အတွက် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးအထောက်အကူပြု ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥ၊ သောက်ရေသန့်များကို ရေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)