လွိုင်ကော် အောက်တိုဘာ ၁၆
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို (၁၅.၁၀.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL) ၏ ဆေးစစ်ဆေးချက် အဖြေထုတ်ပြန်ချက်အရ ကယားပြည်နယ် လွိုင်ကော်မြို့မှ ရန်ကုန်ပြန် အမျိုးသမီး(၁)ဦး၏ အဖြေမှာ ရောဂါ ပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်း သိရှိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူ(၁)ဦးမှာ လွိုင်ကော်မြို့၊ ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူ လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု တစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်မှ သင်တန်း တက်ရောက်ပြီး (၅-၁၀-၂၀၂၀)ရက်နေ့တွင် တစ်ဦးတည်း ရန်ကုန်မှ ငှါးရမ်းလာသော မော်တော်ယာဉ်ဖြင့် ပြန်လာခဲ့ရာ (၆-၁၀-၂၀၂၀)ရက်နေ့နံနက်၌ လွိုင်ကော်မြို့ ဝါရီကောခူဂိတ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းဂိတ်မှ တစ်ဆင့် ရွှေလွိုင်ကော် ပရဟိတကားဖြင့် လွိုင်ကော်မြို့ ပညာရေးကောလိပ် Quarantine သို့ ပို့ဆောင်ခဲ့ပြီး ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူ ဖြစ်ကြောင်းနှင့် လူနာ၏ လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လူနာအား လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး သီးသန့် ဆောင်သို့ပြောင်းရွှေ့၍ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။
အောင်ထွန်းလေး (ပြန်/ဆက်)