လိပ်သို စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီ အချိန် က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ စာပေ လေ့လာဖတ်ရှုကြစေရန်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်ဒိုနီးရှာက အမှာစကား ပြောကြားပြီး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ကျောင်းသား/ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုရမည့် အကြောင်းအရာများ၊ ပြင်ပဗဟုသုတ စာပေများကို ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်းနှင့် သစ်တောသစ်ပင်များသည် လူသားတို့ အတွက်သာမက ကျေးငှက်၊ တိရိစ္ဆာန်များအတွက်ပါ များစွာအကျိုးပေးသဖြင့် သစ်ပင်များကို မြတ်နိုးတန်ဖိုးထားသင့်ကြောင်း၊ သစ်ပင်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ် ရှိစွာဖြင့် ဝိုင်းဝန်းထိန်းသိမ်း ပြုစုစောင့်ရှောက်ကြရန်လည်း လိုအပ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် ကမ္ဘာမြေကို ထိန်းသိမ်းကြပါစို၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူတိုင်း ပါဝင်ကူညီပေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)