မြဝတီ စက်တင်ဘာ ၁၁
(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဥ်ကျေးမှုအဆိုအကအရေးအတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ City Home ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ရှေ့တန်းအမှတ်(၂၇၅) ဒုတပ်ရင်းမှူး ဗိုလ်မှူး ဟိန်းလတ်အောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းကအဖွင့်အမှာ စကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက ပြိုင်ပွဲလုပ်ငန်းအစီစဥ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အောင်စေပိုင်စေသီချင်းနှင့် ကပြတင်ဆက်ပြီး (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် ဆုရရှိသည့်ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ချုပ်နည်းပြများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။
ဆက်လက်ပြီး ပြိုင်ပွဲ ပထမနေ့အဖြစ် အသက် (၁၀-၁၅)၊ အသက် (၁၅-၂၀)၊ အမျိုးသားနှင့် အမျိုးသမီး အကပြိုင်ပွဲ၊ အသက် (၁၀-၁၅)၊ အသက် (၁၅-၂၀) အမျိုးသားနှင့် အမျိုးသမီး ကာလပေါ် အဆိုပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)