ဒေးဒရဲ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် စားသုံးဆီများ ရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၁) နာရီက ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးထွေးသိမ်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် စျေးများရှိ စားသုံးဆီအရောင်းဆိုင်များကို စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့်ရောင်းချရန်၊ အခြားစားသောက်ကုန်ပစ္စည်းများဖြင့်တွဲဖက်၍ ရောင်းချခြင်းမပြုရန်၊ စျေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအနေဖြင့် ဝယ်သူများကို တန်းစီစနစ်ဖြင့် ရောင်းချခြင်း မပြုဘဲပုံမှန်အတိုင်း ရောင်းချသွားရေးစသည့် လုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူများ စားသုံးဆီများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းက မြို့ပေါ်ရပ်ကွက်၊ စျေးများရှိ စားသုံးဆီအရောင်းဆိုင် (၂၄) ဆိုင်တွင် စားအုန်းဆီ အချိန်ပိဿာ (၄၄၀၀)ကို ပြည်သူများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆီလုပ်ငန်းရှင်အသင်းက သိရသည်။
အေဇာလင်း