အ.ထ.က (၁) ကန့်ဘလူ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီပြိုင်ပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၁၁

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပညာရေးဌာနနှင့်ပူးပေါင်းကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် ရောင်စုံပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်( ၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြိုင်ပွဲတွင် “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ယှဥ်ပြိုင်နေမှုကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် ဝန်ထမ်းများ၊ ပန်းချီပညာရှင် ဦးစိုးမြင့်ဝေ၊ အထက (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဦးတို့က ကြည့်ရှုအားပေးခဲ့သည်။ ယင်းပန်းချီပြိုင်ပွဲတွင် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၉၀ ဦး၊ မူလတန်းဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၁၈၂ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာ ၁၆ ရက် ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့၌ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် ဆုများချီးမြှင့်ပေးအပ် သွားမည်ဖြစ်ပြီး အလယ်တန်းဆင့်တွင် ပထမဆု ကျပ် ၅၀၀၀၀၊ ဒုတိယ ကျပ် ၄၀၀၀၀၊ တတိယ ကျပ် ၃၀၀၀ ၀နှင့် နှစ်သိမ့်ဆု ၁/၂ ကို ကျပ် ၂၀၀၀၀ စီကိုလည်းကောင်း၊ မူလတန်းဆင့် ပထမဆုကို ကျပ် ၄၀၀၀၀၊ ဒုတိယ ကျပ် ၃၀၀၀၀၊ တတိယ ကျပ် ၂၀၀၀၀ နှင့် နှစ်သိမ့်ဆု ၁/၂ ကို ကျပ် ၁၀၀၀၀ စီကိုလည်းကောင်း ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)