မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၆
မော်လမြိုင်ကျွန်း မြို့နယ်တွင် ယနေ့မှစတင်ကာ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ဆန်စက်ပိုင်ရှင်များစုပေါင်း၍ ကျပ်သိန်း (၁၀၀)မတည်ထားကာ "စရိတ်မျှပေး ကူညီထောက်ပံ့ရေး" အစီအစဉ်ဖြင့် နို့ဆီဘူးတစ်ဘူးလျှင် တစ်ရာကျပ်နှုန်းဖြင့် (၁၀)လုံးစာ တစ်ထောင်ကျပ်တန် ဆန်အိတ်ငယ်များကို မြို့နယ် Emergency Volunteer Team အသင်းသားများမှ အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချရာတွင် အမှတ်(၁၂) ရပ်ကွက်ရှိ အခြေခံ လူတန်းစားများအား ကိုဗစ်၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေ ရေးကာကွယ်ရေးနည်းလမ်းများဖြင့် လူစုလူဝေး မဖြစ်ပေါ်အောင် ဆန်အိတ်ငယ်များအား အလှည့်ကျစနစ်ဖြင့် အိမ်ရှေ့အရောက် သွားရောက်ရောင်းချပေးခဲ့ရာ ဆန်အိတ်ငယ်ပေါင်း (၁၃၉၂) အိတ်ရောင်းချပေးနိုင်ခဲ့သည်။
အဆိုပါလုပ်ငန်းစဉ်အတွက် တုံကင်များအား ကိုနန္ဒ (ရွှေလမင်း ပုံနှိပ်တိုက်)၊ ဆန်အိတ်များ လိုက်လံရောင်းချမှုအတွက် ကားများကို ကိုခင်ဝင်းထွန်း (ငွေလမင်းယဉ်လိုင်း)၊ ကိုသာဝမ်း (GSM) တို့မှ အခမဲ့ကူညီဆောင်ရွက်ပေးကြပြီး နောက်ရက်များတွင်အလှည့်ကျစနစ်ဖြင့် မြို့မ (၁၃) ရပ်ကွက်အခြေခံလူတန်းစားများအားဆက်လက်၍ ရောင်းချပေး သွားမည် ဖြစ်ကြောင်းသိရှိရသည်။
သီတာအောင်(ပြန်ဆက်)