ပဲခူး စက်တင်ဘာ ၁၁
ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်များကလည်း အသိပညာဗဟုသုတပြည့်စုံစေရန်၊ အမှား/အမှန် ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်သော တိုင်းပြည်ကအားထားရသော သားကောင်းသမီးမွန်များဖြစ်စေရန် ကြိုးစားကြစေလို အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က “တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏အရေးပါမှုအခန်းကဏ္ဍ”နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား/သူလေးများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခြင်းနှင့် မေးခွန်းများ မေးမြန်း/ ဖြေကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က တစ်ဦးချင်း လက်ဆောင်ပစ္စည်း၊ အားကစားပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအေးအေးခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)