ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဘားအံ စက်တင်ဘာ ၁၁

ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီရုံး ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ အဆိုပါ ရုံးတည် နေရာ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင် ပြည်နယ် လူငယ်ရေးရာကော်မတီရုံးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ရေးရာကော်မတီရုံး ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဘင်ခရာ၊ ပန်းပွားနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို နံနက် ၈ နာရီခွဲခန့်က ဇွဲကပင်အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဘော်လီဘော အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူအများ စိတ်ပါဝင်စားမှု တိုးပွားလာစေရန်၊ အောင်မြင်မှုများ ရရှိနိုင်ရန်နှင့် လေ့လာလိုက်စား ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်မောင်/မယ်များ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ ထူးချွန်သူများကို ရွေးချယ်လေ့ကျင့် စခန်းသွင်းပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလီဘောပြိုင်ပွဲသို့ ကရင်ပြည်နယ်ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ မိမိကိုယ်စားပြုသည့် မြို့နယ်များ၏ ဂုဏ်ကို မြှင့်တင်နိုင်ရန် ဘော်လီဘောအားကစားနည်း၏ ဥပဒေဘောင်အတွင်းမှ အောင်မြင်မှု ရရှိအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ပြည်နယ်အတွင်းရှိမြို့နယ်များမှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်(၇)သင်းစီ ဝင်ရောက်ယှဉ် ပြိုင်ကြပြီး အဖွင့်ပွဲစဉ်အနေဖြင့် ဘားအံမြို့နယ် အမျိုးသားအသင်းနှင့် မြဝတီမြို့နယ် အမျိုးသားအသင်း၊ ဘားအံမြို့နယ် အမျိုးသမီးအသင်းနှင့် ဖာပွန်မြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော ကရင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုသည့် အခမ်းအနားကို ဇွဲကပင် အားကစားကွင်းရှိ လူငယ်ရေးရာကော်မတီရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ဒုတိယဆုရယူပေးခဲ့မှုအပေါ် ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဝမ်းမြောက်မိပါကြောင်း၊ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ ဆုတံဆိပ် ရယူပေးခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားမျိုးကို  အကြိမ်ပေါင်းများစွာ ကျင်းပခွင့်ရရှိလိုပြီး နောင်နှစ်များတွင်လည်း တံခွန်စိုက်ဒိုင်းဆုကြီးကို ရရှိအောင် ဆက်လက် ကြိုးစားကြစေလို‌ကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယဆုရ ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံး အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၂၀)သိန်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်းဘေဘီမြင့်က အကောင်းဆုံး အားကစားသမားဆုရရှိသူနှစ်ဦးအား ငွေကျပ်တစ်သိန်းစီ၊ ပြည်နယ်ဘောလုံးအားကစား ဆပ်ကော်မတီမှ ငွေကျပ် ၅ သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်သူက ပြိုင်ပွဲ အတွေ့အကြုံ များအား ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများသည် ဒုတိယဆုရ ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းနှင့် အတူ နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြပြီး အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)