ဆိပ်ဖြူမြို့နယ်တွင် ကြိုတင်မဲပုံးများကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ် တပ်ဆင်

ဆိပ်ဖြူ     အောက်တိုဘာ     ၁၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲများထားရှိရမည့် ဆန္ဒမဲပုံး များကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ရှေ့တွင် မဲဆန္ဒပုံးများအလွတ်ဖြစ်ကြောင်း ပြသခြင်းနှင့်  လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို အောက်တိုဘာ၁၆ ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ပြုလုပ်သည်။

မဲပေးမည့်ပြည်သူများ မိမိရောက်ရှိရာဒေသတွင် ပုံစံ(၁၅) လျှောက်ထား၍ ကြိုတင်မဲပေးနိုင်မည်ဖြစ် ကြောင်း၊ ပုံစံ (၁၅)ဖြင့် လျှောက်ထားလိုသူသည် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲပေးမည့်နေရပ်သို့ ပြန်လည်မဲပေးနိုင်ခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ဖြစ်ရန်လိုအပ်ကြောင်း၊ဆိပ်ဖြူမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက်(ပြည်ပ)(၁၂၉)ဦးနှင့်ပြည်တွင်း ရောက် (၁၇၁)ဦး စုစုပေါင်း (၃၀၀)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဌေးလွင်၏ ပြောကြားချက်အရ သိရှိရသည်။

ဆိပ်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိလာမည့် ကြိုတင်ဆန္ဒမဲများကို သက် ဆိုင်ရာမဲပုံးများအတွင်းထည့်သွင်းပြီး လဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန် မူလဆန္ဒပြုထား သည့်အတိုင်း ထည့်သွင်းသိမ်းဆည်းနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် ချိတ်ပိတ်တပ် ဆင်ပြီး သက်ဆိုင်ရာမှတ်တမ်းတွင် အတည်ပြုလက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမျိုး(ယောဧရာ)