အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

အုတ်တွင်း စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ အနာဂတ်လူငယ်များလောကအကျိုးသယ်ပိုးနိုင်တဲ့ သားကောင်း၊ သမီးကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် ''လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်''စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌစာရေးဆရာဦးခင်မောင်ချို(ကညွတ်ကွင်း)က “လူတွေရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အထက်တန်းစားစိတ်ဓာတ်ရှိသလို၊ အောက်တန်းစားစိတ်ဓာတ်ပိုင်ဆိုင်သူများလည်းရှိပါတယ်၊ အထက်တန်းစားစိတ်ဓာတ်ရှိသူဆိုတာလူကောင်းဝါဒလက်ကိုင်သူ၊ တစ်နည်းဆိုရရင်စိတ်ကောင်းရှိသူပါပဲ။ အောက်တန်းစားစိတ်ဓာတ်ရှိသူကတော့ ကိုယ်ကျင့်တရားချွတ်ခြုံကျနေသူ၊ စိတ်ကောင်းမရှိသူကိုသုံးစွဲပြောဆိုလေ့ရှိကြပါတယ်၊ အထက်တန်းစားစိတ်ဓာတ်ကိုတော့သာမန်လူကောင်းတွေ ထက်ပိုမိုကောင်းမွန်သောစိတ်ဓာတ်ရှိသူကိုသာ ဖွင့်ဆိုရမယ်လို့ထင်ပါတယ် စသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်းအမြင်ချင်း ဖလှယ်ကာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခင်ခင်မာ(ပြန်/ဆက်)