ပေါက်ခေါင်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆန်ကိတ်မုန့်နှင့် ဆန်ကွတ်ကီးအမျိုးမျိုး ပြုလုပ်နည်းသင်တန်းဆင်းပွဲကို စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ရွာထောင်ကျေးရွာအုပ်စု၊ ဉသျှစ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဦးစွာ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် မိမိတို့ သင်ယူတတ်မြောက်ထားသည့် ပညာဖြင့် တစ်နိုင်တစ်ပိုင် မိသားစုအထောက်အကူပြု စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကြိုစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးမြင့်စိုးနှင့် ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်တို့က သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများကို ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာများက ဆန်ကိတ်မုန့်နှင့် ဆန်ကွတ်ကီးအမျိုးမျိုးပြုလုပ်နည်းများ၊ ခရမ်းချဉ်သီးယို၊ နာနတ်သီးယိုနှင့် အခြားသစ်သီးယိုမျိုးစုံ ပြုလုပ်နည်းများကို စက်တင်ဘာလ ၁ ရက်နေ့ မှ ၉ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)