ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဒေးဒရဲ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက ဂွကြီးကျေးရွာ​အုပ်စု၊ သီရိမဟာပဋ္ဌာန်းကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက ပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာများ သန့်ရှင်းသာယာရေးလုပ်ငန်းများ၊ ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိပြည်သူများ သန့်ရှင်းသော သောက်သုံးရေနှင့် လျှပ်စစ်မီးများ ရရှိရေး၊ မိုးစပါး စိုက်ပျိုးဧကများ အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လယ်ယာမြေဥပ​ဒေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း