ကျိုက်လတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များရရှိရေး ခရိုင်အင်ဂျင်နီယာကြီးကြပ်မှုဖြင့် နေ့စဉ်ကွင်းဆင်းဆောင်ရွက်

ကျိုက်လတ် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များ ရရှိရေးအတွက် ခရိုင်အင်ဂျင်နီယာ ကြီးကြပ်မှုဖြင့် မြို့ပေါ် (၆) ရပ်ကွက်အတွင်း နေ့စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ ဖျာပုံခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဒေါ်မေဝသန်ထွန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟစိုးနှင့် ဝန်ထမ်းများက ဓာတ်အားသုံးစွဲသူပြည်သူများ၏ နေအိမ်အဆောက်အဦများနှင့် အလုပ်ရုံများသို့ သွားရောက်စစ်ဆေး၍ ဓာတ်အားသုံးစွဲမှုနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောပြပြီး လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များရရှိရေးအတွက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု losses များ လျော့ချနိုင်ရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေး၊ ဓာတ်အားသုံးစွဲသူပြည်သူများ ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များရရှိရေးတို့အတွက် မြို့ပေါ် (၆) ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)