စားသုံးဆီနှင့် စက်သုံးဆီများ ထိုက်သင့်သောဈေးနှုန်းဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေး အကြံပေး

ရေဦး စက်တင်ဘာ ၁၁

ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရ၊ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့၀င်များလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီက မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီနှင့် စက်သုံးဆီအရောင်းဆိုင်များအား ထိုက်သင့်သောဈေးနှုန်းများနှင့်အညီ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့‌ ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း က" မြို့နယ်တွင်း ဒေသခံပြည်သူများအတွက် ဆီ၊ ဆန်၊ ကြက်သွန်စသည့် စားရေးရိက္ခာ ပြတ်လပ်မှုမရှိစေရေးအတွက် စားသုံးဆီ မှာယူဖြန့်ဖြူးရောင်းချရေး အခက်အခဲရှိပါက ခရိုင်မြိုနယ် တာ၀န်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊မိမိတို့နိုင်ငံရဲ့ GDP သည် ဒေသတွင်းနိုင်ငံတွေထက် နည်းပါးနေတာကိုတွေ့ရပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရင်း နိုင်ငံ၏ GDP တိုးတက်လာဖို့အတွက် ကုန်ထုတ်လုပ်မှုများကို အားပေးကူညီဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်ပစ္စည်းများဈေးနှုန်းကြီး မြင့်မှုမရှိစေရန်၊ စားသုံးမှုနှင့်ထုတ်လုပ်မှု မျှတမှုရှိစေရန်အတွက် ယခုလိုဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့အတူ စားသုံးဆီဈေးနှုန်းများ ကြီးမြင့်ခဲ့ခြင်းအား နိုင်ငံတော်မှကြပ်မတ်စီမံဆောင်ရွက်ခဲ့သော်လည်း ဝိသမလောဘသားများ၏ မတော်လောဘစိတ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုက်သင့်သည့် ဈေးထက်မြင့်မားခဲ့သည်ကို တွေ့ရှိခဲ့၍စားသုံးဆီစျေးနှုန်းများအား စျေးနှုန်းမြှင့်တင်ခဲ့ကြသည့် ဝိသမလောဘသားများကို နိုင်ငံတော်မှထိုက်သင့်သည့်အရေးယူမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားသောတိုင်းဒေသကြီးပြည်နယ် ခရိုင်မြို့နယ်များတွင်လည်း လတ်တလော စားသုံးဆီဈေးနှုန်းများပြန်လည်ကျဆင်း‌လာသည်ဖြစ်ရာ မိမိတို့မြိုနယ်တွင်လည်း စားသုံးဆီဈေးများကို ထိုက်သင့်သောဈေးဖြင့် ရောင်းချပေးရန် အရေးကြီးပါ‌ကြောင်း၊ အလားတူပုဂ္ဂလိကပိုင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများသိုလှောင်ပြီး ဈေးကစားခြင်းမပြုဘဲ နိုင်ငံတော်၏ သတ်မှတ်နှုန်းထားဖြင့်သာ ရောင်းချပေးစေလိုပါ‌တယ်” ဟု ထပ်ဆင့်မှာကြားခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး)