ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိသူ ၁၀ဦးမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများဖြစ်

ညောင်လေးပင် အောက်တိုဘာ ၁၆

ညောင်လေးပင်မြို့နယ်တွင် အောက်တိုဘာ၁၄ရက်နေ့က အမျိုးသားကျန်းမာ‌ရေး ဓာတ်ခွဲဌာနသို့ ဓာတ်ခွဲနမူနာ ပေးပို့ထားသော(၁၂၁)ဦးမှ အောက်တိုဘာ၁၅ရက်နေ့ ထုတ်ပြန်ချက်အရ (၁၀)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ကိုဗစ်ရောဂါပိုးတွေ့ရှိသူများမှာ ပြွန်တန်ဆာမြို့၊ မြို့မ(၁)၊ ဒေါက်တာဘသန်းလမ်းမှတစ်ဦး၊ မဒေါက်မြို့မှ (၁)ဦး၊ ပြင်ရေကြီးကျေးရွာမှ(၁)ဦး၊ ကလိန်ခင်ကျေးရွာမှနှစ်ဦး၊ ထော်နွတ်ကျေးရွာမှ (၂)ဦး၊ ဒိုက်ဦးမြို့နယ် သနပ်ကွင်းကျေးရွာမှ(၁)ဦး၊ ညောင်လေးပင်မြို့မှ(၁)မှ တစ်ဦးနှင့် မြို့မ(၂) ကြားတောရလမ်းမှ(၁)ဦးတို့ ဖြစ်ကြသည်။

ကြားတောရလမ်းမှ ကိုဗစ်ပိုးတွေ့သူ အမျိုးသားမှာ ယခင်ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသူဖြစ်၍ သနပ်ကွင်းကျေးရွာမှ အမျိုးသမီးမှာ မြောက်ဥက္ကလာပမြို့နယ်မှ ပြန်လာသူဖြစ်ကာ      ကျန်အမျိုးသမီး ရှစ်ဦးမှာ မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံမှ ပြန်လာသူများဖြစ်ပြီး (၁၀)ဦးလုံး   သက်ဆိုင်ရာ အသွားအလာ ကန့်သတ် စောင့်ကြည့်စခန်းများမှ ဖြစ်သည်။

အသစ်တွေ့ရှိသူများအား   ညောင်လေးပင်မြို့နယ် ဆေးရုံတွင် ၁ဦး၊ မြို့နယ်တိုင်းရင်းဆေးရုံတွင် (၃)ဦး၊ ပြွန်တန်ဆာတိုက်နယ်ဆေးရုံတွင် (၃)ဦး၊ ပိန်းဇလုပ်တိုက်နယ်ဆေးရုံတွင်(၂)ဦးနှင့် မဒေါက်တိုက်နယ်ဆေးရုံတွင် (၁)ဦး ဆေးကုသမှုပေးထားကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် ယခုတွေ့ရှိသူများ  အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ဓာတ်ခွဲ အတည်ပြုလူနာ (၃၀)ဦး ရှိပြီဖြစ်ပြီး ၎င်းတို့ထဲမှ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ (၂)ဦးရှိကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)