လှိုင်းဘွဲ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကရင်တိုင်းရင်းသားအားလုံးအနေဖြင့် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်စေရန်နှင့်အမြတ်တနိုးတန်ဖိုးထားတတ်စေရန်အတွက် ချည်ဖြူဖွဲ့မင်္ဂလာပွဲအခမ်းအနားကို ယမန်နေ့ကဝင်းစိန် ကျေးရွာ ကျိုက်မုထောစေတီတော်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သက်ကြီးဘိုးဘွားများက ဆုတောင်းမေတ္တာပို့သခြင်း၊ လူ့ခန္ဓာကိုယ်၏ မကောင်းသော လိပ်ပြာများကို အဝေးသို့ ထွက်သွားပြီး ခန္ဓာကိုယ်ကို စောင့်ရှောက်သော လိပ်ပြာကောင်းများ ပြန်လည်ဝင်ရောက်လာစေရန်၊ လွင့်ပါးနေသော စိတ်များအား တည်ငြိမ်လာစေရန်၊ ကိုယ့်စိတ်လိပ်ပြာများ လွင့်မသွားစေရန်နှင့် ဝိဉာဉ်ကောင်းများ ရွှင်လန်းဝမ်းမြောက်စေရန်အတွက် ချည်ဖြူဖြင့် လက်တွင် ချည်နှောင်ထားခြင်း စသည့် ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကရင်တိုင်းရင်းသားလူမျိုးများက ပျော်ရွင်စွာ ပါဝင်ယှဉ်နွဲခဲ့ကြသည်။
ကရင်တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာပွဲကို နှစ်စဉ် ဝါခေါင် လရောက်တိုင်း ကျင်းပလျက်ရှိရာ ချည်ဖြူဖွဲ့ပေးခြင်းအားဖြင့် လွင့်ပါးနေသော စိတ်များ တည်ငြိမ်လာခြင်း၊ သူတစ်ပါး၏ လိမ်လည်လှည့်ဖြားမှုမှ ကင်းဝေးခြင်း၊ စီးပွားဥစ္စာများ တိုးတက်လာခြင်း၊ ကာယစိတ္တ သုခနှင့်ပြည့်စုံခြင်း စသည့် အကျိုးကျေးဇူးများနှင့် ပြည့်စုံသည်ဟု ရှေးကရင်လူကြီးသူမများက ပြောဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)