တောင်တွင်းကြီးမြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(မိုးထိ)တွင်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၁၁

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း(မိုးထိ)၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် အကျင့်စာရိတ္တကောင်းမွန်ရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား စသည့် အကြောင်းအရာများကို လည်းကောင်း၊ စာရေးဆရာ တောင်တွင်းမောင်သင်းကျော်က ရသစာပေနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ပြီး စာရေးဆရာ တောင်တွင်းမောင်သင်းကျော်အား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ 

ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုလတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)