သရက်ချောင်းမြို့နယ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

သရက်ချောင်း   စက်တင်ဘာ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကား ပြောကြားရာတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး (၂၄)ကြိမ်မြောက် ပြိုင်ပွဲကိုလည်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်ကားသိုက်မြိုက်စွာ ထပ်မံကျင်းပနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးသည် အလွန် ခက်ခဲ နက်နဲသော ပညာတရပ်ဖြစ်သည်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြသရသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဦးတည်ချက်(၄)ချက် ချမှတ်ပြီး အောင်မြင်စွာ ကျင်းပမည် ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ထိန်းသိမ်းခြင်းနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ် အတွင်း (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အခုလို စည်းကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်နိုင်ခြင်းဟာ ဌာနဆိုင်ရာ အသီးသီးတို့၏ စုပေါင်းညီညွတ်ခြင်းအားကောင်းမှု၊ အနုပညာရှင်၊ ဝါသနာရှင်များရဲ့ စုပေါင်းဝိုင်းဝန်း ပါဝင်ဆောင်ရွက်မှု၊ အနုပညာရှင် ဝါသနာပါသူများရဲ့ ဝိုင်းဝန်းပံ့ပိုးထောက်ခံမှုများနှင့် မြို့နယ်အတွင်း ဒေသခံ ပြည်သူလူထု အပေါင်းတို့၏ သိနားလည်မှု၊ အပြန်အလှန်လေးစားမှု၊ မေတ္တာထားရှိမှုတို့ဖြင့် အခုလို အောင်မြင်စွာ ကျင်းပနိုင်ခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဂီတပဒေသာဆိုင်းအဖွဲ့မှ အပျိုတော်ယိမ်းအက၊ တီးမှုတ်ဖျော်ဖြေခြင်းနှင့် မင်းသား/မင်းသမီးချောတို့မှ ပဒေသာအကဖြင့် ဧည့်ခံဖြေဖျော်ခဲ့ပြီး ပြိုင်ပွဲအား  ဆက်လက်ကျင်းပရာ အခြေခံပညာ (၁၀–၁၅)နှစ်အဆင့် အမျိုးသား/အမျိုးသမီး ခေတ်ဟောင်း ကာလပေါ် ''အဆင်းလှတဲ့ပင်းတယ'' သီချင်းနှင့် ''ကိုယ့်ရပ်ဌာန'' ဖြင့်လည်းကောင်း၊ အခြေခံပညာ (၁၅–၂၀)နှစ်အဆင့် အမျိုးသား/အမျိုးသမီး ခေတ်ဟောင်းကာလပေါ် ''ချစ်စရာ့ရွှေတမာ'' သီချင်းနှင့် ''အောင်မြင်ခြင်းအတူတူ'' သီချင်းဖြင့်လည်ကောင်း၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့် ''လုလင်ငယ်သွေး'' တေးသီချင်းဖြင့်လည်ကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးအကအဖွဲ့များမှ ဆို၊ က၊ ရေး၊ တီး သီချင်းဖြင့်လည်းကောင်း၊ ကျေးလက်ရိုးရာသီချင်းဖြင့်လည်းကောင်း၊  ခေတ်သစ်ဂီတနှင့် သုခုမသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခြင်း၊ ခရိုင်အဆင့်ပြိုင်ပွဲဝင်မည့် အခြေခံပညာအဆင့် အမျိုးသမီးအက (၁၀–၁၅)နှစ်အဆင့် မသင်းပြည့်စုံမှ ကပြဖျော်ဖြေခြင်း၊ မဟာဂီတအဆို အမျိုးသား (၁၅–၂၀)နှစ်အဆင့် မောင်ပြည့်စုံဦးမှ ဆီးနှင်းပြိုက်ကျသီချင်းဖြင့်ဖျော်ဖြေခြင်း၊မဟာဂီတအဆို အမျိုးသား (၁၀–၁၅)နှစ်အဆင့် မောင်ရှိုင်းဝဏ္ဏထွေးမှ ပန်းတသင်းသင်းသီချင်းဖြင့် ဖျော်ဖြေခြင်း၊ ဂီတပဒေသာ ဆိုင်းအဖွဲ့ မင်းသား/ မင်းသမီးတို့မှ ဦးရွှေရိုးနဲ့ဒေါ်မိုး သီချင်းဖြင့်လည်းကောင်း၊ သစ္စာထားမြိုင်ထ အကဖြင့် လည်းကောင်း၊ နှစ်ပါးသွားအကဖြင့်လည်းကောင်း ကပြဖျော်ဖြေခြင်း၊ တက်ရောက်လာသော ဝါသရှင် အနုပညာရှင်များမှ သီဆိုဧည့်ခံဖျော်ဖြေခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ အကဲဖြတ် အမှတ်ပေးဒိုင်အဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ခရိုင်အဆင့်သို့ ပါဝင် ယှဉ်ပြိုင်နိုင်ရေး ရွေးချယ်ခံရသည့် အခြေခံပညာအဆင့်(၁၀–၁၅)နှစ်၊ (၁၅–၂၀)နှစ် ဝါသနာရှင်များနှင့် ဝါသနာရှင် ဒုတိယတန်းအဆင့် အမျိုးသားတို့အား ဆုများ ချီးမြှင့်ခြင်းနှင့် မြို့နယ်အဆင့် ဒုတိယရရှိသည့် သူများ၊ ဧည့်ခံဖျော်ဖြေသည့် ပညာရေးဌာနမှ အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)