ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်းစိုက်ခင်းများ စတင်ရိတ်သိမ်းလျက်ရှိပြီး နှမ်းဈေးကောင်း၍ တောင်သူများ အဆင်ပြေ

ပွင့်ဖြူ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နေ့စားအလုပ်သမားများ ငှားရမ်း၍ စတင်ရိတ်သိမ်းနေကြပြီဖြစ်ရာ ယခုနှစ်တွင် နှမ်းဈေးကောင်းရရှိနေကြ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် တစ်မြို့နယ်လုံး မိုးနှမ်းစိုက်ဧက ၆၆၈၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၁၃၃၉၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ဒေသခံတောင်သူများ မိုးဦးမိုးဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံ နှမ်းစိုက်ခင်းများမှာ အသီးများ ရင့်မှည့်လာပြီဖြစ်၍ သီးထပ်သီးညှပ် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စား အလုပ်သမားငှားရမ်း၍ စတင်ရိတ်သိမ်းနေကြပြီး ယနေ့အထိ နှမ်းစိုက်ဧက ၆၇၄၂ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်အတွက်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေရရှိဖို့အတွက် တစ်မြို့နယ်လုံး မိုးနှမ်းစိုက်ဧက ၆၆၈၅ ဧက လျာထားစိုက်ပျိုးရာမှာ အမှန်တကယ် မြေပြင်စိုက်ပျိုးပြီးစီးမှု မိုးနှမ်းစိုက်ဧက ၁၃၃၉၅ ဧက စိုက်ပျိုးနိုင်ခဲ့လို့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ မိုးဦးမိုးနဲ့ အားထားစိုက်ပျိုးခဲ့တဲ့ မိုးနှမ်းစိုက်ခင်းတွေဟာ အသီးများ ရင့်မှည့် လာပြီဖြစ်လို့ ဒေသခံတောင်သူတွေက မိုးနှမ်းစိုက်ခင်းတွေမှာ သီးထပ်သီးညှပ် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းနေပါတယ်။ နောက်ပြီး နှမ်းဈေးကလဲ တစ်တင်းကို ငွေကျပ် တစ်သိန်းကျော် ရောင်းချနေရလို့ နှမ်းစိုက်ပျိုး တောင်သူတွေ စီးပွားရေး တွက်ခြေကိုက်ကြတယ်။ ဒါ့အပြင် နှမ်းစိုက်ခင်းများ ရိတ်သိမ်းချိန်မှာ ကျေးရွာတွေက နှမ်းရိတ် အငှားလိုက်တဲ့သူတွေလဲ နေ့စဉ် ဝင်ငွေရရှိပြီး အဆင်ပြေနေကြတယ်။ ယနေ့အထိ ရိတ်သိမ်းပြီးစီးတဲ့ နှမ်းစိုက်ဧကအနေနဲ့ ၆၇၄၂ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧက ပျမ်းမျှ ၉ ဒသမ ၃၃ တင်းခန့် ထွက်ရှိပါတယ်။ ယခုလို နှမ်းသီးနှံစိုက်ခင်းများ ရိတ်သိမ်းချိန်မှာ သီးနှံလေလွင်ဆုံးရှုံးမှု မဖြစ်အောင် စနစ်တကျ သိမ်းဆည်းဆောင်ရွက်ကြဖို့ တောင်သူတွေကို အသိပညာပေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )