မုံရွာမြို့၌ အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ

မုံရွာ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဌာနများအလိုက် ကျင်းပပြုလုပ်မည့် အခမ်းအနားများတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် တိုင်းဒေသကြီးအဆင့်နှင့် လျော်ညီစွာအောင် အောင်မြင်စွာဆောင်ရွက်နိုင်စေရန်တို့ အတွက် ရည်ရွယ်ပြီး စက်တင်ဘာ(၁၁)ရက်နေ့မှ (၂၂) ရက်နေ့အထိ ဖွင့်လှစ်သည့် အခမ်း အနားမှူးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က “မိမိတို့ဌာနအတွင်းမှာ ကျင်းပပြုလုပ်တဲ့ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ ဒါဘာအခမ်းအနားများမှာ စနစ်တကျ ဆောင်ရွက် နိုင်စေရန် ဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ကတော့ (၂)ပတ်တာ ကြာမြင့်မှာဖြစ်ပြီး ကျွန်တော်တို့ဌာနက ဝန်ထမ်းနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းတွေ က သင်တန်းပို့ချသွားမှာဖြစ်ပါတယ်။ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ရက်များမှာ မနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲအချိန်အထိ (၁၆.၉.၂၀၂၃) ရက်နေ့ စနေနေ့မှာဆိုရင် နံနက်(၁၀) နာရီမှ ညနေ(၃)နာရီအထိ အချိန်ယူသင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းသားများကို မှာကြားလိုတာ ကတော့ သင်တန်းချိန် နောက်မကျစေဘဲ အချိန်မီ တက်ရောက်ကြရန်နှင့် သင်တန်းမှ ချမှတ်တဲ့ စည်းမျဉ်း/စည်းကမ်းများကို လိုက်နာဆောင်ရွက်ပေးကြပါရန်နှင့် ယခုသင်တန်းမှာ စာတွေ့၊ လက်တွေ့ နှစ်မျိုးစလုံးကို သင်ကြား ပေးသွားမှာဖြစ်တယ်။ စိတ်ပါဝင်စားစွာနဲ့ လိုက်နာ ဆောင်ရွက်ကြဖို့” တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးခဲ့ပြီးနောက် တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်း(၃၁)ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင်းပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ နည်းပြဆရာမများက “တစ်ဦးချင်းမိတ်ဆက်ခြင်း၊ အခမ်းအနားမှူးဆိုသည်မှာ၊ MC တစ်ယောက်တွင်ရှိရမည့် အရည် အချင်းများ၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲခြင်း၊ ကြိုတင်ပြင်ဆင်မှု၏အရေးပါပုံ၊ အထောက်အကူပြု လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ အခမ်းအနားတစ်ခု အောင်မြင်စွာ ကျင်းပခြင်းဆိုသည်မှာ၊ အထောက်အကူပြု လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ထူးခြားသောအခမ်းအနားများ၊ တွေ့ကြုံ ရသော ဖြစ်တတ်သော အလွဲများ၊ အကောက်အကူပြု လက်တွေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ဂရုပြုစရာ ဆောင်ရန်/ရှောင်ရန်နှင့် အကြံပြု ချက်များ၊ အထောက်အကူပြုလက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ သင်တန်းပြီးမြောက်ခြင်း စသည့် ဘာသာရပ်များကို သင်တန်းကာလ (၁၁.၉.၂၀၂၃) ရက်နေ့မှ (၂၂.၉.၂၀၂၃) ရက်နေ့အထိ ရက် သတ္တပတ် (၂)ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)