သရက်ချောင်းမြို့နယ်တွင် ဈေးရောင်းချနေသူများအား စားအုန်းဆီရောင်းချလိုမှုရှိ/မရှိ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

သရက်ချောင်း စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က စားအုန်းဆီရောင်းချလိုမှုအ​ခြေအနေနှင့်ပတ်သက်၍ သရက်ချောင်းမြို့ပေါ်ရပ်ကွက် ဈေးဆိုင်၊ ကုန်စုံဆိုင်များ၏ ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက သရက်ချောင်းမြို့နယ်အတွင်း စားအုန်းဆီရောင်းချလိုသူများရှိပါက သက်ဆိုင်ရာသို့ ဆက်သွယ်ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် ကိုယ်စားလှယ်ယူပါက တိုင်းအဆင့်တွင် လျှောက်ထားရမည်ဖြစ်၍ ဆက်လက်ထောက်ခံပေးမည်ဖြစ်ကြောင်း၊ စားအုန်းဆီ ရောင်းချလိုသူများအနေဖြင့် အစိုးရသတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချရမည်ဖြစ်ကြောင်း၊ အစိုးရသတ်မှတ်ဈေးနှုန်းမှာ စားအုန်းဆီ ၁ပိဿာ၄၇၅၀ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားကြောင်း၊ ဝယ်ယူရောင်းချပါက ၂ ရာခိုင်နှုန်း အမြတ်တင်၍ ရောင်းချရန်ခွင့်ပြုကြောင်း၊ စားအုန်းဆီ ရောင်းချလိုသူများအနေဖြင့် အစိုးရ ​ဈေးနှုန်းအတိုင်း ရောင်းချနိုင်မှု ရှိ/မရှိ၊ စစ်ဆေးခံနိုင်မှု ရှိ/မရှိ၊ လိုအပ်သော စာရင်းဇယားများပြုလုပ်ပေးနိုင်မှု ရှိ/မရှိ အခြေအနေများ၊ ရောင်းချရာတွင် သို​လှောင်ထိန်ချန် ရောင်းချခြင်း မပြုကြရန်နှင့် ရောင်းချရန် ဝယ်ယူထားသော စားအုန်းဆီများအား  မှောင်ခိုရောင်းချခြင်း မပြုရန်၊ သတ်မှတ်ထားသည့် အလေးပြည့်မီအောင် ရောင်းချရန် စသည်ဖြင့်ရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာသူများအား စားအုန်းဆီရောင်းချလိုသူများ ရှိ/မရှိ ဆန္ဒသဘောထား မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် စျေးဆိုင်ပိုင်ရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စျေးဆိုင်ပိုင်ရှင်များကရောင်းချလိုသူ မရှိကြောင်း ပြန်လည်ဆွေးနွေး တင်ပြခဲ့သဖြင့် သရက်ချောင်းမြို့နယ်အတွင်း စားအုန်းဆီ ရောင်းချလိုသူ မရှိကြောင်း ဆုံးဖြတ်ကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်​ဇင်နှင့် ဌာဆိုင်ရာတာဝန်ရှိသူများနှင့် မြို့ပေါ် ရပ်ကွက်မှ ဈေးဆိုင်ပိုင်ရှင်(၂၅ )ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

နန်းခလိုက်(သရက်ချောင်း)