လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် အားကစား၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ

အင်းတော် စက်တင်ဘာ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ နယ်ရုံးနှင့် အင်းတော်မြို့ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းတွင်  လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် အားကစား၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ များကို အသိပညာ ပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါ အားလျော်စွာ ပြသဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ်မှ ကင်းဝေးစေ နိုင်ရေး၊ နိုင်ငံတော်၏ အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေး၊ လူကုန် ကူးမှုအန္တရာယ်မှ ကင်းဝေးနိုင်စေရေးတို့အတွက် ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ပြောပြခဲ့သည်။

အဆိုပါ အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက် အခြေခံ ပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်ကို ပြသခဲ့သည်။ ထို့နောက် အင်းတော်မြို့ မြို့မစခန်းမှူး ဒုရဲမှူး ကျော်ကျော်က လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကို လည်းကောင်း၊ အင်းတော်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းက လူငယ်နှင့်အားကစား အကြောင်းအရာများကိုလည်းကောင်း၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက လူကုန်ကူးမှုအန္တရာယ် အကြောင်း သိကောင်းစရာများ ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ ၎င်းနောက် မြို့နယ်အားကစားမှူးက အားကစားထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်း ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နေနီနန်းမိုးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။ ယင်းအသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ အင်းတော်မြို့ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ အင်အား (၁၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ