သံတောင်ကြီး စက်တင်ဘာ ၁၁
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိက စိုက်ပျိုးလျက်ရှိရာ နှစ်တိုပင် ဖြစ်သော ငှက်ပျောပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ငှက်ပျောပင်များသည် ရာသီမရွေး အသီးသီးသော သီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီး ဒေသထွက် ငှက်ပျောသီးများ ဝယ်လိုအားနည်းပြီး ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် အဓိကစိုက်ပျိုးသော ငှက်ပျောသီး အမျိုးအစားများမှာ သီးမွှေးငှက်ပျောပင်၊ ရွှေနီငှက်ပျောပင်၊ ရွှေဝါငှက်ပျောပင်များဖြစ်ပြီး အဆိုပါ ငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင် ငှက်ပျောခိုင် အရင့်များ ဆွတ်ခူးကာ သံတောင်ကြီးမြို့ပေါ်များ သာမ တောင်ငူမြို့ရှိ ငှက်ပျောသီး အဝယ်တိုင်များထံတွင် တင်ပို့ ရောင်းချကြသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလများတွင် ပြည်တွင်းပြည်ပ ခရီးသွားလာမှု များသည့်အတွက် သီးမွှေးငှက်ပျောသီး အကြီးတစ်ဖီးလျှင် ကျပ်(၃၀၀၀)မှ ကျပ်(၃၅၀၀)အထိ ရရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် နောက်ပိုင်းတွင် ခရီးသွားလာမှု နည်းပါးခြင်း၊ ဝယ်လိုအား ကျဆင်းခြင်း တို့ကြောင့် ငှက်ပျောသီးအကြီး တစ်ဖီးကို ကျပ် (၁၂၀၀) မှ ကျပ် (၁၅၀၀) ထိသာ ရရှိကြောင်း ငှက်ပျောစိုက်တောင်သူ ဦးမော်စီထံက သိရသည်။
နော်နော်မူ