ရန်ကုန် အောက်တိုဘာ ၁၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မိမိတို့မြို့နယ်အတွင်း ရပ်ကွက်များအလိုက် မဲရုံပြုလုပ်မည့်နေရာများနှင့် မဲရုံတည်ဆောက်မည့် နေရာများတွင် မဲရုံစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိစေရန်အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာရပ်ကွက် Tosta group tower ကားပါကင် နေရာတွင် မဲရုံတည်ဆောက်နိုင်ရန် အတွက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ နှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၈၀၇၉၉)ဦးရှိပြီး မဲရုံပေါင်း (၁၃၉)ရုံ ပြုလုပ်သွားမည်ဖြစ်ကာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် အမှတ်(၅)၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလွှတ်တော် (ကရင်၊ရခိုင်) နေရာတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။
ရဲမင်းထွန်း (ပြန်/ဆက်)