ဝေါလေမြိုင်မြို့၌ စည်ပင်သာယာရေးအဖွဲ့မှ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပြီး နှာခေါင်းစည်း တပ်ရန်အသိပေး

ဝေါလေမြိုင် အောက်တိုဘာ ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဝေါလေမြိုင်မြို့၊ စည်ပင်သာယာရေး အဖွဲ့မှ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပြီး နှာခေါင်းစည်းတပ်ရန် အသိပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဝေါလေမြိုင်မြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးစောဝမ်းကိုကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဝေါလေမြိုင်မြို့၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်၍ နှာခေါင်းစည်း မတပ်သော ဈေးရောင်း/ဈေးဝယ်သူများအား နှာခေါင်းစည်းတစ်ခု (၂၀၀) ကျပ်နှုန်းဖြင့် အခုဝယ်၊ အခုတပ်စနစ် ဒဏ်ရိုက်မည်ဖြစ်ကြောင်း အသိပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)